မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာန၏ နေ့စဉ်မြစ်ရေခန့်မှန်းချက်များအရ ယနေ့ ဇူလိုင်(၉)ရက်ထုတ်ပြန်ချက်တွင် လာမည် (၁)ရက်မှ (၂)ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့် နေရာ(၇)ခုရှိကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာနှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် မောလိုက်တွင် နောက်(၁) ရက်အတွင်း (၂)ပေခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်ကို ဆက်လက်တည်ရှိနိုင်ကြောင်းနှင့် စစ်တောင်းမြစ်နှင့် ရွှေကျင်မြစ်ရေသည် မဒေါက်နှင့် ရွှေကျင်တို့တွင်လည်း နောက် (၁)ရက်အတွင်း (၂)ပေခန့်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
လက်ရှိ တိုင်းဖွန်းမုန်တိုင်း DANAS ၏ အကြွင်းအကျန်မိုး တိမ်များကြောင့် နိုင်ငံအဝန်းမိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တင်္နသာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကာ မိုးရေချိန်များနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
