ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်လာပါကသူ့ဘက်မှ ပူးပေါင်းပါဝင်ရန် အမေရိက,က တောင်းဆိုလျှင် သြစတြေးလျဘက်က ငြင်းဆိုမည်ဖြစ်ကြောင်းနှင့် မည်သည့် ကတိကဝတ်မျိုးကိုမျှ ကြိုပေးမည်မဟုတ်ကြောင်း သြစတြေးလျ ကာကွယ်ရေးစက်မှုလုပ်ငန်းဝန်ကြီး ပတ်ကွန်ရွိုင်ကပြောကြားခဲ့သည်။ Aukus ရေငုပ်သင်္ဘောများ ထောက်ပံ့ရေးဆိုင်ရာ ဆွေးနွေးမှုများတွင် ဝါရှင်တန်က ယင်းသို့သော ကတိကဝတ်များ တောင်းဆိုသည်ဆိုသော သတင်းများထွက်လာချိန်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်ကလည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်သော ပဋိပက္ခတွင် အမေရိက,က စစ်ရေးအရ တုန့်ပြန်မည်လားဆိုသည်မှာ မသေချာမရေရာသော အမေရိက၏ ကိုယ်ပိုင်ရပ်တည်ချက်သာဟု ပြောဆိုကာကာ ယင်းကဲ့သို့ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ သြစတြေးလျသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုသာ မြင်တွေ့လိုသည်ဟုလည်း ၎င်းက ပြောခဲ့သည်။
အင်ဒို-ပစိဖိတ်ဒေသတွင် ပဋိပက္ခပေါ်ပေါက်ခဲ့ပါက သြစတြေးလျနှင့် အခြား မဟာမိတ်များဘက်က မည်သို့ တုန့်ပြန်ဆောင်ရွက်မည်လဲဆိုသည်နှင့် ပတ်သက်၍ အာမခံချက်ရရှိရန် ဝါရှင်တန်က ကြိုးပမ်းနေသည်ဆိုသော သတင်းများက ယခုသီတင်းပတ်တွင် ထွက်ပေါ်လာခဲ့ပြီးနောက် စစ်ပွဲနှင့် ပတ်သက်သော ကတိကဝတ်တိုင်းသည် သြစတြေးလျအစိုးရ၏ အဆုံးအဖြတ်ဖြစ်လိမ့်မည်ဟု ကွန်ရွိုင်က ပြောဆိုခဲ့သည်။
Financial Times သတင်းဌာနက စနေနေ့တွင် သတင်းဖော်ပြချက်တစ်ခုအရ အမေရိကန် မူဝါဒရေးရာ ကာကွယ်ရေးလက်ထောက်ဝန်ကြီးဖြစ်ပြီး Aukus သဘောတူညီချက်(နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို အမေရိက,က သြစတြေးလျသို့ ပံ့ပိုးမည့် သဘောတူညီချက်) နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရသူလည်းဖြစ်သော အဲလ်ဘရစ် ကိုလ်ဘီက ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိက-တရုတ် စစ်ဖြစ်ခဲ့မည်ဆိုပါက ဂျပန်နှင့် သြစတြေးလျတို့အနေဖြင့် မည်သို့ပြုမူဆောင်ရွက်မည်ကို ထုတ်ဖော်ပြောကြားရန် တောင်းဆိုထားသည်ဟု ဆိုခဲ့သည်။
ထရမ့်ပ်နှင့် Aukus ကို သုံးသပ်ခြင်းကြောင့် အန်သိုနီ အယ်ဘာနီးစ်သည် တရုတ်နှင့် ပတ်သက်၍ သံတမန်ရေးတင်းမာမှုနှင့် ရင်ဆိုင်နေရသည်။
Ref: သည်ဂါးဒီးယန်း
