ဂျပန်ဝန်ကြီးချုပ်သစ် ဆနားအဲ တာကအိချိသည် အောက်တိုဘာလ ၂၅ ရက် နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ပထမဆုံးအကြိမ် ဖုန်းဆက်ပြောဆိုစဉ် ၎င်းတို့ နှစ်နိုင်ငံ၏ မဟာမိတ်ဖြစ်မှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်ရေးသည် သူ့အစိုးရ၏ “ထိပ်တန်းဦးစားပေး” အကြောင်းအရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်၏ တရားဝင်ဝက်ဘ်ဆိုက်ပေါ်တွင်တင်ခဲ့သော မှတ်ချက်များအရ တရုတ်နှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိက၏ မဟာဗျူဟာများအရ ဂျပန်သည်မရှိမဖြစ် မိတ်ဖက်နိုင်ငံဖြစ်ကြောင်းကိုလည်း သူကမစ္စတာထရမ့်ပ်ကို ပြောကြားခဲ့သည်။
“ဂျပန်-အမေရိက မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းဖို့က ကျမအစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒအတွက် ထိပ်တန်းဦးစားပေးဖြစ်တယ်ဆိုတာ သူ့ကိုကျမအသိပေးခဲ့ပါတယ်”ဟု ဝက်ဘ်ဆိုက်ပို့စ်တွင် သူက ပြောကြားခဲ့သည်။
မစ္စတာကအိချိသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်မည့် ဒေသဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန်အတွက် မလေးရှားနိုင်ငံသို့ ရောက်ရှိနေချိန်၌ မစ္စတာထရမ့်ပ်ကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အတူ မစ္စတာ ထရမ့်ပ်သည်လည်း မလေးရှားသို့ပျံသန်းနေသည့် အဲရ်ဖေါ့စ်ဝမ်း လေယာဉ်ပေါ်မှ ဖုန်းပြောခဲ့ခြင်းဖြစ်သည်။
မစ္စတာထရမ့်ပ်သည် အောက်တိုဘာလ ၂၇ ရက် နေ့တွင် ဂျပန်နိုင်ငံကို သွားရောက်မည်ဖြစ်ကာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မစ္စတာကအိချိနှင့် ထိပ်သီးအစည်းအဝေးပြုလုပ်သွားမည်ဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
