ထိုင်းနိုင်ငံနှင့်အကောက်ခွန်ဆိုင်ရာကိစ္စများကိုစေ့စပ်ညှိနှိုင်းစဥ်အတွင်း တောင်ပိုင်း ဖန်ငပြည်နယ်ရှိ ရေတပ်စခန်းတစ်ခုကို အသုံးပြုခွင့်ပေးရန် အမေရိက,က တောင်းဆိုခဲ့သည်ဆိုသော သတင်းကို ထိုင်းအစိုးရဝန်ကြီးသုံးဦးက အင်္ဂါနေ့တွင် ငြင်းဆိုခဲ့ကြသည်။
အခွန်ဆိုင်ရာ ကိစ္စရပ်များကိုညှိနှိုင်းစဥ်အတွင်း အခွန်ဖြေလျှော့ပေးမှုအတွက် အပြန်အလှန်သဘောအနေဖြင့် အဒ္ဒမန်ပင်လယ်မျက်နှာစာရှိ ဖန်ငရေတပ်စခန်းကို အမေရိက,က အသုံးပြုလိုသည်ဆိုသော မီဒီယာသတင်းဖော်ပြချက်များအပေါ် စိုးရိမ်မိသည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဖန်ထမ် ဝီချာယာချိုင်က ပြောဆိုခဲ့သည်။
ယင်းကဲ့သို့သော အကြောင်းအရာမျိုးကို အမေရိကနှင့် မည်သည့်အခါကမျှ မဆွေးနွေးခဲ့ကြောင်း အစိုးရအိမ်တော်တွင် မစ္စတာဖမ်ထမ်က ပြောကြားခဲ့သည်။
ရေတပ်အနေဖြင့် ဖန်ငရေတပ်စခန်းကို အဓိကစခန်းတစ်ခုအဖြစ် ဖော်ဆောင်လိုသော်လည်း ဘတ်ဂျက်အကန့်အသတ်များကြောင့် ကြန့်ကြာနေခဲ့ရသည်ဟု လက်ရှိတွင် ယာယီဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ယူထားသည့် မစ္စတာ ဖမ်ထမ်က ပြောကြားခဲ့သည်။
ဒုတိယ ကာကွယ်ရေးဝန်ကြီး နာထာဖွန် နာ့ခ်ဖာနစ်ကလည်း ယင်းအကြောင်းအရာနှင့်ပတ်သက်၍ တရားဝင်ကမ်းလှမ်းမှုမျိုး မတွေ့ဖူးကြောင်းနှင့် အတည်မပြုနိုင်သည့် မီဒီယာသတင်းဖော်ချက်များသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်လျှင် ထိုင်းနိုင်ငံသည် ဘက်မျှသည့် မူဝါဒကို လိုက်နာသည်ဟု ၎င်းက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ တရားဝင်ပြောဆိုမှုမျိုး မရှိကြောင်းနှင့် သတင်းဖော်ပြချက်များသည် ထင်ကြေးပေးမှုများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖန်ငရေတပ်စခန်းကို အမေရိကကို ကာလကြာရှည် အသုံးပြုခွင့်ပေးရန် အစီအစဉ် မရှိသကဲ့သို့ ရေတပ်စခန်းတည်ဆောက်ရေးအတွက် အမေရိက,က ရန်ပုံငွေပေးမည်ဆိုသည့် အတည်ပြုချက်တစ်စုံတရာလည်း မရှိကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
