ရုရှားအရပ်ဘက်အခြေခံအဆောက်အအုံများကို ယူကရိန်းက တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ယူကရိန်းတွေက ကျွန်တော်တို့ရဲ့ လူမှုအခြေခံအဆောက်အအုံတွေ၊ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဘယ်လိုတိုက်ခိုက်လဲဆိုတာ ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ဒါကြောင့် ယူကရိန်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်ရေးပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေပြုလုပ်ရတာပါ” ဟု သူက သတင်းထောက်တစ်ဦး၏ မေးခွန်းကို တုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းက မကြုံစဖူး ကြီးမားသည့် ဒရုန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာဖြစ်သည့် တနင်္ဂနွေနေ့က ရုရှားသည် ယူကရိန်းမြေပေါ်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ဒုံးကျည်နှင့် ဒရုန်းအစိတ်အပိုင်းများ ထုတ်လုပ်သည့် ယူကရိန်းကာကွယ်ရေးစက်ရုံများအပြင် အီလက်ထရောနစ်ထောက်လှမ်းရေးနှင့် ဂြိုလ်တုဆက်သွယ်ရေးစင်တာများကို ပစ်မှတ်ထားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သတ်မှတ်ထားသော ပစ်မှတ်များအားလုံး ထိမှန်ခဲ့သည်။
အနောက်နိုင်ငံများကမူ ယူကရိန်း၏ တိုက်ခိုက်မှုများကို လျစ်လျူရှုပြီး ရုရှား၏ လက်တုံ့ပြန်တိုက်ခိုက်မှုများကိုသာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှား၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မကျေနပ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားအပေါ် ပိုမိုတင်းကျပ်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်းကိုပါ ထပ်လောင်း ပြောကြားခဲ့သည်။