ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။
“အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ “ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး” ဟုလည်း သူက အလေးပေး ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ရုရှားခရမ်လင်နန်းတော် အကြံပေး ယူရီ အူရှာကော့ဗ်က ရုရှားနှင့် အမေရိကန် ခေါင်းဆောင်နှစ်ဦး၏ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုသည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းအခြေအနေနှင့် အရှေ့အလယ်ပိုင်းအရေး အပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် စကားပြောဆိုမှုအတွင်း ပူတင်နှင့် ထရမ့်တို့သည် ရုရှားနှင့် အမေရိကန် သမ္မတအစိုးရအဖွဲ့တို့ မျှဝေခံစားသည့် ရိုးရာတန်ဖိုးများကို မြှင့်တင်ပေးသည့် ရုပ်ရှင်များ ဖလှယ်နိုင်ခြေကိုလည်း ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။
