ယူကရိန်းသည် “တစ်နေ့မှာ ရုရှားဖြစ်လာနိုင်တယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး၊ အမေရိကန်အစိုးရက ယူကရိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတွေကို ပြန်လည်ရယူမယ့် အစီအစဉ်တွေကိုလဲ အကြမ်းဖျဉ်းပြောကြားခဲ့ပါတယ်။
“သူတို့မှာ မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ စသည်ဖြင့် အဲဒါတွေထွက်တဲ့ အလွန်တန်ဖိုးကြီးတဲ့မြေတွေရှိတယ်။ငါတို့ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကြောင့် ငါတို့ရဲ့ပိုက်ဆံတွေကို လုံခြုံအောင် လုပ်ချင်တယ်။ သူတို့ဖက်က သဘောတူညီချက်တစ်ခုကို ချုပ်ဆိုရင်ပဲဖြစ်ဖြစ်၊ မချုပ်ဆိုရင်ပဲဖြစ်ဖြစ်၊ သူတို့ဟာ တစ်နေ့မှာ ရုရှားပိုက်နက်ဖြစ်လာရင်ပဲဖြစ်ဖြစ်၊ ရုရှားပိုင်နက်မဖြစ်လာရင်ပဲဖြစ်ဖြစ် ငါတို့ကတော့ ဒီငွေတွေအားလုံးကို ဆက်ပြီး ရင်းနှီးမြှုပ်နှံထားဦးမှာပဲ။ ပြီးတော့ ဒါကို ပြန်လိုချင်တယ်လို့ ငါပြောခဲ့တယ်။ ပြန်ပေးတဲ့အခါကျရင်တော့ ငါက သူတို့ဆီက ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးနဲ့ ညီမျှတဲ့ မြေရှားသတ္တုတွေလို တန်ဖိုးရှိတာကို ပြန်လိုချင်တယ်လို့ ငါပြောခဲ့တယ်။ သူတို့ကလဲ အဲဒါကို လုပ်ဖို့ အခြေခံအားဖြင့် သဘောတူခဲ့တယ်၊ ဒါကြောင့် အနည်းဆုံးတော့ ငါတို့ရူးကြောင်ကြောင်တွေ လုပ်နေတယ်လို့တော့ဖြင့် မခံစားရပေဘူး” လို့ Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတထရမ့်ပြောကြားခဲ့တာပါ။
“ဒီပိုက်ဆံကို အရင်ကလိုပုံစံမျိုးနဲ့ ပေးနေလို့မရဘူး” လို့ ယူကရိန်းကို သတိပေးခဲ့ကြောင်းကိုလဲ ထရမ့်ကထပ်လောင်းပြောကြားခဲ့ပါတယ်။
သူက ယူကရိန်းအရေးအခင်းက စတင်ခဲ့တဲ့အချိန်မှာ သူသာသမ္မတဖြစ်နေခဲ့ရင် ဒီပြဿနာ ဖြစ်လာမှာ မဟုတ်ဘူးလိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
“မဝေးတော့တဲ့ အနာဂတ်မှာ” ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ချုပ်ဆိုနိုင်မယ်လို မျှော်လင့်ကြောင်းကိုလည်း သူက အရင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းမှာ ငြိမ်းချမ်းရေးဖြစ်စေဖို အတွက် အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားခဲ့ရာမှာ ယူကရိန်းတပ်တွေကို Donbass နဲ့ Novorossiya ကနေ ရုပ်သိမ်းဖို၊ ယူကရိန်း က NATO မှာ မပါဘူးဆိုတာ ကတိပြုဖို စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရုရှားစကားပြောတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားတွေကိုလည်း ယူကရိန်းမှာ အပြည့်အဝ ကာကွယ်ပေးဖို လိုအပ်ကြောင်း၊ ရုရှားအပေါ်အနောက်နိုင်ငံတွေရဲ့ ပိတ်ဆိုမှုတွေ အားလုံးကို ရုပ်သိမ်းဖိုနဲ့ ယူကရိန်းကို ဘက်မလိုက်တဲ့ နိုင်ငံအဖြစ် ကြေငြာဖိုလည်း လိုအပ်ကြောင်း သူက ယူဆပါတယ်။
ယူကရိန်းပြဿနာကို ဖြေရှင်းဖို ဆွေးနွေးပွဲတွေကို ရုရှားနဲ့ အမေရိကန်ကြားမှာ ပြုလုပ်သင့်ပြီး ယူကရိန်းက သာမန်ပါဝင်မှုသာ ရှိသင့်ကာ ဥရောပနိုင်ငံတွေကတော့ မပါဝင်သင့်ဘူးဆိုတဲ့ အမြင်တွေကို အနောက်မီဒီယာတွေမှာ စတင်ဖော်ပြလာကြတာကို တွေ့ရပါတယ်။
