ဝါရှင်တန်မှ ယူကရိန်းသို့ လက်နက်များ ထပ်တိုးထောက်ပံ့ပေးနေသော်လည်း ယူကရိန်းပဋိပက္ခတွင် ရုရှားကအသာစီးရနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆက်လက်ယုံကြည်နေကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးကို ကိုးကား၍ Politico သတင်းဌာန က ရေးသားဖော်ပြထားသည်။
“သမ္မတရဲ့အမြင်ကတော့ ရုရှားက အနိုင်ရမှာပဲ၊ ဘယ်လောက်ကြာမလဲဆိုတဲ့ကိစ္စပဲ” ဟု အဆိုပါအရာရှိက ပြောကြားခဲ့ပြီး ရုရှားတွင် စီးပွားရေးနှင့် စစ်ရေးအရင်းအမြစ်များ၊ လူအင်အား ပိုမိုများပြားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ “သူတို့ (ရုရှားတပ်ဖွဲ့များ) နှေးကွေးစွာ ချီတက်နေပေမယ့်လည်း တိုးတက်နေတုန်းပါပဲ။ သမ္မတကတော့ သတ်ဖြတ်မှုတွေကို ရပ်တန့်ချင်ရုံသက်သက်ပါပဲ” ဟု အဆိုပါအရာရှိက မှတ်ချက်ပြုခဲ့သည်။
အခြား ထရမ့်အစိုးရအရာရှိများကမူ အမေရိကန်သမ္မတ၏ ယူကရိန်းမူဝါဒ ပြောင်းလဲမှုသည် “ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုအပေါ် ပူတင်၏ လျစ်လျူရှုမှု” ကြောင့်ဖြစ်ကြောင်း ထောက်ပြကြသည်။ ထို့အပြင် အမေရိကန်ခေါင်းဆောင်သည် ယူကရိန်းအပေါ် မကြာသေးမီက ရုရှား၏ တို-က်-ခိုက်မှုများကို “ကျေနပ်မှုမရှိ” ဟု ဆိုသည်။
ဇူလိုင် ၁၄ ရက်နေ့တွင် ထရမ့်က ဥရောပက လက်နက်တင်ပို့မှုအတွက် ပေးချေနေသမျှကာလပတ်လုံး အမေရိကန်က ယူကရိန်းသို့ လက်နက်နှင့် စစ်ဘက်သုံးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဟု ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။ နေတိုးက လုပ်ငန်းစဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးသွားလိမ့်မည်ဟုလည်း အမေရိကန်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။ ယူကရိန်းပဋိပက္ခဖြေရှင်းရေးအတွက် ဝါရှင်တန်နှင့် မော်စကိုတို့ သဘောတူညီမှုမရရှိပါက ရုရှားနှင့် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် ၁၀၀% အထိ အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းကိုပါ သူက ပြောကြားခဲ့သည်။
