ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ လျှို့ဝှက်ထောက်ပံ့ခဲ့မှုအတွက် အမေရိကန်ကို မြောက်ကိုရီးယားက ဝေဖန်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းက ဖော်ပြခဲ့ပါတယ်။
ရုရှားနဲ့ တိုက်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်ဟာ မကြာခင်သီတင်းပတ်တွေက ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်တွေ တင်ပို့ပေးခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးက ဧပြီ ၂၄ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ လျှို့ဝှက်ထောက်ပံ့ခဲ့မှုကြောင့် နိုင်ငံတကာ အသိုက်အဝန်းမှာ မကျေနပ်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်” လို့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ပြည်ပစစ်ဖက်ရေးရာဋ္ဌာန ညွှန်ကြားရေးမှူးက တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
“ရဲစွမ်းသတ္တိပြည့်ဝသော ရုရှားစစ်တပ်နဲ့ ပြည်သူတွေအပေါ် နောက်ဆုံးပေါ် ဘယ်လက်နက်စနစ် ဒါမှမဟုတ် ဘယ်လိုစစ်ရေးထောက်ပံ့မှုမျိုးနဲ့မျှ အမေရိကန် လုံးဝအနိုင်ယူနိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြောဆိုခဲ့ပါတယ်။
ပြုံယမ်းနဲ့ မော်စကိုအကြား စစ်ရေးဆက်ဆံမှု တိုးမြင့်လာမှုက ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရှိန်မြင့်လာစေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုမြင်ကြပါတယ်။
Ref: Alarabiya News