ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်မှစတင်၍ နေအိမ်၌ဆေးခွင့်ဖြင့်အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသော ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိအချိန်၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ သြဂုတ် ၅ ရက်ကအသိပေးခဲ့သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့်အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ခံစားခဲ့ရသဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြရာ အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့ခံစားနေရသည်ကိုတွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center ၊ မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင်(၁,၀၀၀)တို့တွင် ဆေးကုသမှုများခံယူခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများဆက်လက်ပြု လုပ်ခဲ့သည်။
ထိုသို့ ကုသမှုခံယူလျက်ရှိသော်လည်း ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာတိုးတက်ကောင်းမွန်လာခြင်းမရှိ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်မှစတင်ပြီး နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူကာ ဆေးကုသမှုဆက်လက်ခံယူနေခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အ ဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင် ၂၄ ရက်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ ရောဂါစစ်ဆေးချက်များအရ လက်ရှိအခြေအနေတွင် အထူးစိုးရိမ်ဖွယ် ရာအခြေအနေဖြစ်၍ အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်။
