ရန်ကုန်၊ စက်တင်ဘာ ၈
AFC Challenge League 2026-27 ပြိုင်ပွဲဝင်ခွင့် ခြေစစ်ပွဲစဉ်အဖြစ် ယနေ့ စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက လာအိုကလပ် Ezra FC အသင်းကို ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို မူစတာဖာက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကိုလည်း မူစတာဖာ၏ ဖန်တီးပေးမှုမှတစ်ဆင့် သန်းပိုင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဂိုးဧရိယာအတွင်း ပယ်နတီ ပြစ်ဒဏ်ဘော ပေးလိုက်ရခြင်းကြောင့် လာအိုကလပ် Ezra FC အသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရရှိကာ ယမန်နှစ်က ရှုံးကြွေးကို ဆပ်နိုင်ခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Challenge League 2026-27 ပြိုင်ပွဲ၏ အုပ်စုအဆင့် (Group Stage) သို့ တရားဝင် တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
