ဇူလိုင်လအတွက် အောင်ဘာလေထီ ရောင်းရငွေမှာ ကျပ်သန်း ၅၃၀၀ ကျော်ရှိသည့်အတွက် ရောင်းအားတိုးလာကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၅၁၇၀ ကျော်သာရှိသည့်အတွက် ယခုထီရောင်းရငွေမှာ ပြီးခဲ့သည့်လထက် ကျပ်သန်း ၁၃၀ ကျော် ရောင်းအားတိုးလာကြောင်း သိရသည်။
အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၅၃၀၀ ကျော်ရှိပြီး ယင်းမှ ကျပ်သန်း ၃၇၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဩဂုတ် ၁ ရက်တွင် ကျင်းပမည့် အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်းငါးထောင် (၁)ဆု၊ ကျပ်သိန်း နှစ်ထောင် (၁) ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁) ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး အခြားဆုမဲတချို့ကိုလည်း အရေအတွက် တိုးမြင့်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။