စက်တင်ဘာလ၏ တတိယ(၁၀)ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၄)ခု၌ မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် မိုးရွာသွန်းမှုမှာ ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၌ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ ရွာသွန်းမြဲခန့်မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာလ၏ တတိယ(၁၀)ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီးပိုမိုအားကောင်းလာ၍ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကာ အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ၊ စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရှိကြောင်း သိရသည်။
