ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဇူလိုင်လကုန်ထိ လေးလတာကာလအတွင်း ပြည်ပသို့ မြန်မာ့ပုစွန်တင်ပို့နိုင်မှုသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျော် လျော့ကျနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ရေထွက်ကုန် ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၃၂၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် ကန်ဒေါ်လာ ၁၂ သန်းကျော်ရရှိထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူလေးလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၄၈၈၆ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၁၈ သန်းကျော်ရရှိခဲ့ကာ ကာလတူ နှိုင်းယှဉ်ပါက မက်ထရစ်တန်ချိန် ၁၆၇၄ တန်ကျော် လျော့နည်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် နိုင်ငံ (၄၀) ကျော်ကို မြန်မာ့ရေထွက်ကုန် ပုစွန်များ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
‘၂ နာရီပဲ မီးလာတော့ စက်ရုံသမားတွေက ပစ္စည်းဝယ်ရင် ပုပ်ပြီး ပျက်စီးမှာကိုကြောက်ကြတာလည်းပါတယ်၊မီးစက် ၂၂ နာရီပုံမှန် လည်ဖို့ကသိပ်မလွယ်ဘူးလေ ” ဟု ရေထွက်ကုန်တင်ပို့သူတစိဦးကဆိုသည်။
Photo -မြဝတီ