ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် (၃) သိန်းခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
ကမ္ဘာ့ရော်ဘာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာဈေးမှာ ဈေးကောင်းရနေကြောင်းနှင့် ကမ္ဘာ့ရော်ဘာဈေး တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁၆၅၀ မှ ၁၇၀၀ အထိပေါက်ဈေးရှိပြီး ပြည်တွင်း ရော်ဘာဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁၄၁၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် ၃ သိန်း ၆ သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် (၂) သိန်းကျော်တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားထားသည်။
ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိကြောင်း၊ နှစ်စဉ်ရော်ဘာတန်ချိန် ၁၉၀၀၀၀ ကျော်ကို တရုတ်၊ အိန္ဒိယ၊ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းနှင့် ရော်ဘာကို ပြည်ပတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်းကပါ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။