၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ တရားမဝင် ကုန်စည်ဖမ်းဆီးရမိသည့် ခန့်မှန်းတန်ဖိုး ငွေကျပ် (၆၂) ဘီလျံနီးပါးရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၏ ပြောကြားချက်အရ သိရသည်။
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ကုန်သွယ်မှု လမ်းကြောင်းတွင်ရှိသည့် စစ်ဆေးရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတဆင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ စစ်ဆေးဖမ်းဆီးမှုများဆောင်ရွက်နေကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာမှ ယခုနှစ် (၆) လတာအတွင်း တရားမဝင် ကုန်စည်ဖမ်းဆီးရရှိမှုမှာ အမှုတွဲပေါင်း (၂၇၉၉) မှုရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ငွေကျပ် (၃၇) ဘီလျံနီးပါးဖိုး ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း ဦးအောင်သွင်ဦးက ဆိုသည်။
တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် စစ်ဆေးအရေးယူ ဆောင်ရွက်နေသော်လည်း တရားမဝင် ကုန်သွယ်မှုများ သိသိသာသာ လျော့နည်းကျဆင်းလာမှု နည်းနေသေးကြောင်းလည်း ၎င်းကဆိုသည်။
ထို့ကြောင့် ပိုမိုကောင်းမွန်သည့် အစီအမံများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်ရှိသည့် အထူးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသ ည်။