၂၀၂၃ ခုနှစ်၏ ပထမ ခြောက်လတာ ကာလအတွင်း ကလေးငယ် ၃၀၀ နီးပါးသည် ဥရောပသို့ ရောက်ရှိရန်အတွက် မြေထဲပင်လယ်ကို ဖြတ်ကူးစဉ် အသက်ဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂ ကလေးများအေဂျင်စီက ဇူလိုင်လ ၁၄ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်၏ ပထမ ခြောက်လနှင့် ယှဉ်လျှင် ၂ ဆ နီးပါး မြင့်တက်လာခြင်း ဖြစ်သည်။
ယူနီဆက်ဖ်၏ အစီရင်ခံစာအရ အနည်းဆုံး ကလေးငယ် ၂၈၉ ဦးသည် မြေထဲပင်လယ်ကို ဖြတ်ကူးရန် ကြိုးပမ်းစဉ် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထိုပမာဏသည် တစ်ပတ်လျှင် ကလေး ၁၁ ယောက်နှုန်း သေဆုံးနေခြင်း ဖြစ်သည်။
ထို့ပြင် သင်္ဘောများစွာ ပျက်စီးနေသောကြောင့် ကလေးအသေအပျောက် အရေအတွက်မှာ အထက်ပါ ပမာဏထက် ပိုများနိုင်ကြောင်း ယူနီဆက်ဖ်က သတိပေးထားသည်။ အထူးသဖြင့် မြေထဲပင်လယ် အလယ်ပိုင်း၌ သင်္ဘောပျက်ပါက အသက်ရှင်ကျန်ရစ်သူ ရှိလေ့ မရှိပေ။
ယခုနှစ် ပထမခြောက်လအတွင်း ကလေးငယ် ၁၁,၆၀၀ ဦးသည် မြောက်အာဖရိကမှ ဥရောပသို့ ဖြတ်ကူးခဲ့ပြီး ထိုထဲမှ ၇၀ ရာခိုင်နှုန်းကျော်သည် မိဘမပါဘဲ တစ်ကိုယ်တည်း ဖြတ်ကူးခဲ့သည်ဟု ကုလ အရာရှိတစ်ဦးက ပြောထားသည်။
Source: WION