မတ်လမှာ ကျရောက်မယ့် မွတ်ဆလင် ရာမာဒန် ဥပုသ်လရောက်သည်အထိ ဟားမတ်စ်တို့ဖမ်းထားတဲ့ ဓါးစာခံတွေ ပြန်မလွှတ်ပေးသေးဘူးဆိုရင် ဂါဇာရှိ ရာဖာဒေသကို အစ္စရေးက မြေပြင်ထိုးစစ်တစ်ခု စတင်သွားမယ်လို့ အစ္စရေးစစ်ဝန်ကြီးအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်သူ ဘန်နီဂန့်ဇ်က ဖေဖော်ဝါရီ ၁၈ မှာ ပြောဆိုပါတယ်။
အသေအပျောက်နည်းစေဖို့အတွက် ဂါဇာအရပ်သားတွေ ဘေးလွတ်ရာရွှေ့ပြောင်းပေးရေး လွယ်ကူချောမွေ့စေဖို့ အမေရိကန်၊ အီဂျစ်တို့နဲ့ အစ္စရေးစစ်တပ်က ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ မစ္စတာ ဂန့်ဇ်က ဆိုခဲ့ပါတယ်။
ဂါဇာဒေသတိုက်ပွဲတွေကနေ ထွက်ပြေးခဲ့တဲ့ ခန့်မှန်းခြေ ပါလက်စတိုင်း ၁ သန်းလောက်ဟာ အီဂျစ်နဲ့နယ်စပ် တောင်ပိုင်းဒေသ ရာဖာမြို့ဧရိယာမှာ စစ်ရှောင်ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
တစ်လကြာမှာဖြစ်တဲ့ မွတ်ဆလင်တို့ရဲ့ ဥပုသ်လဟာ မတ်လလယ်မှာ စတင်မှာဖြစ်ပါတယ်။
သူတို့အနေနဲ့ လက်နက်ချခြင်း၊ ဓါးစာခံတွေ လွှတ်ပေးခြင်းတို့လို ရွေးချယ်စရာတွေ ဟားမတ်စ်မှာ ရှိနေပြီး ယင်းနည်းလမ်းဟာ ဂါဇာဒေသခံတွေကို ဥပုသ်လမြတ် အားလပ်ရက်မှာ စိတ်ချမ်းမြေ့စွာ ဆင်နွှဲနိုင်စေမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က ဂျေရုဆလင်ရှိ အမေရိကန်ဂျူး ခေါင်းဆောင်တွေကို ပြောဆိုတဲ့ မိန့်ခွန်းမှာ မစ္စတာ ဂန့်ဇ်က ဆိုခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ် လက်ကျန်တပ်ရင်းတွေကို ရှင်းလင်းဖို့အတွက် ရာဖာမှာ မြေပြင်ထိုးစစ်ဆင်ဖို့ မဖြစ်မနေလိုအပ်ပြီး ယင်းဒေသကို စစ်ဆင်ရေးမလုပ်ဖို့ တောင်းဆိုနေသူတွေဟာ အဓိကအားဖြင့် အစ္စရေး စစ်ရှုံးသွားရေး တောင်းဆိုနေခြင်းသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref: The Straits Times