တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါပြောကြားချက်ကို ကနေဒါနိုင်ငံ၌ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ခေါင်းဆောင်နှစ်ဦး တွေ့ဆုံနှုတ်ဆက်စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကန်းယူဂျန်း၏ အဆိုအရ ထရမ့်ပ်က မြောက်ကိုရီးယားနှင့် လက်ရှိဆက်ဆံရေးအခြေအနေများကို မေးမြန်းခဲ့ရာ သမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်၏ ခေါင်းဆောင်မှုအခန်းကဏ္ဍ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်ပ်ကလည်း မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု သိရသည်။
ထရမ့်ပ်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် ထရမ့်ပ်၏ ပထမသမ္မတသက်တမ်းအတွင်း ၂၀၁၈ ခုနှစ် စင်ကာပူထိပ်သီးအစည်းအဝေး၊ ၂၀၁၉ ခုနှစ် ဟနွိုင်းထိပ်သီးအစည်းအဝေးနှင့် ကိုရီးယားကျွန်းဆွယ် နယ်စပ်တွင် တွေ့ဆုံမှုအပါအဝင် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ဖူးသည်။
ထရမ့်ပ်သည် မြောက်ကိုရီးယားနှင့် တိုက်ရိုက်သံတမန်ဆက်ဆံရေး ပြန်လည်အသက်သွင်းလိုကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားပြီး ကင်မ်ဂျုံအန်နှင့် ပြန်လည်တွေ့ဆုံရန် စိတ်ဝင်စားကြောင်းလည်း ပြသထားသည်။
Ref: News Asia
