ကမ္ဘောဒီးယားတပ်ဖွဲ့များသည် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းအသစ်များ ကိုထောင်ခဲ့ သောကြောင့် ထိုင်းစစ်သားတစ်ဦး ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး စစ်သားသုံးဦးကို ဒ-ဏ်ရာရရှိခဲ့သည်ဆိုသော ထိုင်းဘက်က စွပ်စွဲချက်များကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

ယနေ့(သြဂုတ်လ ၁၀ ရက်နေ့)၌ ကျင်းပ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နီက စွပ်စွဲချက်များသည် အခြေအမြစ်မရှိဆိုကာ ပယ်ချသွားခဲ့သည်။
“ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့အတူ မိုင်းရှင်းလင်းရေးနဲ့ မြေမြုပ်မိုင်းဒဏ်ခံခဲ့ရသူများ အကူအညီပေးရေးအေဂျင်စီအားလုံးက ထိုင်းဘက်ခြမ်းမှ ဒီစွပ်စွဲချက်တွေကို ပယ်ချကာ ရှင်းချက်ထုတ်ထားပြီးပါပြီ” ဟု ၎င်းကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံက ရည်ညွှန်းသော ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့အထိ ယုံကြည်ရလောက်သော သို့မဟုတ် ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုမရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးပေး ပြောကြားခဲ့သည်။ စိတ်ရှည်ရှည်ထားရန် က မ္ဘောဒီးယားက တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ကိုင်စွဲလျက်ရှိသော အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားသွားစေနိုင်သည့် ချင့်ချိန်စဉ်းစားခြင်းမရှိသော လူသိရှင်ကြား စွပ်စွဲမှုများကို ရှောင်ရှားရန် ကမ္ဘောဒီးယားက တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မကြာခင်က ကမ္ဘောဒီးယား-ထိုင်း အထွေထွေနယ်ခြားကော်မတီ(GBC) အစည်အဝေးတွင် ရရှိခဲ့သည့် သဘောတူညီချက်များ အထူးသဖြင့် လက်ရှိတပ်များနေရာချထားမှုကို ထိန်းသိမ်းရန်နှင့် အခြားတစ်ဖက်ကို ဦးတည်သော လှုပ်ရှားမှု သို့မဟုတ် ကင်းလှည့်မှုများကို ရှောင်ကျဉ်ရန် ကတိကဝတ်ကို အပြည့်အဝလေးစားလိုက်နာရန် က မ္ဘောဒီးယားက ထပ်လောင်းတောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ခမာတိုင်းမ်စ်
