တနင်္သာရီတိုင်း၊မြိတ်မြို့၊တောရကျောင်းရပ်နှင့်မြိတ်မြို့နယ်၊ပသောင်းကျေးရွာတို့မှ ဇန်နဝါရီ ၂၈ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် မြိတ်မြို့၊တောရကျောင်းရပ်၊တောရကျောင်းအနီးတွင် လမ်းလျှောက်လာသည့် ရာကွတ်(ခ)သန်းဇော် (၄၁)နှစ်နှင့်ကမာ(ခ)ကမာလူဒင်(ခ)ကျော်စိုးနိုင် (၄၁)နှစ်တို့ထံမှ စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ည ၁၂ နာရီတွင် မြိတ်မြို့နယ်၊ပသောင်းကျေးရွာရှိ သန်းနိုင်(ခ)ဂျမာဘိုင်(၃၆) နှစ်၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၂၀၀၀၀ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် ငွေကျပ်သိန်း ၄၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၃ ဦးအား မြိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
