ကရင်ပြည်နယ်၊ မြဝတီ မြို့ဝန်းကျင်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိုဒ်များအတွင်း တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု ကျူးလွန်ခဲ့သဖြင့် ထိန်းသိမ်းခံထားရသည့် ပြည်ပနိုင်ငံသား ၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် စိစစ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိန်းသိမ်းခံထားရသူများတွင် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ နီပေါနိုင်ငံသား ၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး ပါဝင်ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် အထောက်အထားမှတ်တမ်းများကို စာရင်းကောက်ယူစိစစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မေ ၂၆ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၆၈၉ ဦးကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ယင်းအနက် ၁၃,၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
