မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများ ကင်းစင်ပပျောက်သည်အထိရှင်းလင်းရန် မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှပူးပေါင်းအဖွဲ့ဝင်များ ယနေ့ ဇူလိုင် ၇ ရက်နံနက်ပိုင်းက မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ် (၂)ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟို ကော်မတီ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Chen Wen Feng နှင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ Pol. Col. Chinakorn Atsawaphum တို့မှ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးအဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေး၌ မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှု(Telecom Fraud)များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိ-မ်လ-ည်မှု(Telecom Fraud)နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သုံးနိုင်ငံပူးပေါင်းအဖွဲ့သည် မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသားများကိုစစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားရှိမှု၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူနေမှုတို့ကိုလည်း ကြည့်ရှု လေ့လာခဲ့ကြသည်။
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိ-မ်လ-ည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို သုံးနိုင်ငံပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးဖော်ထုတ်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဖော်ထုတ်လျက်ရှိမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၇ ရက်အထိ ပြည်ပနိုင်ငံသား(၉,၁၉၈)ဦးကို ထိန်းသိမ်းနိုင်ခဲ့ကာ (၈၉၈၇)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၁၁)ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသည်။
