မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ကြား ၂၀၀၉ ခုနှစ်ကချုပ်ဆိုခဲ့သည့် အပြန်အလှန် ဗီဇာကင်း လွတ်ခွင့်သဘောတူစာချုပ်(MoU)သက်တမ်းဆက်တိုးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ဇွန် ၁ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံစဥ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများပူး ပေါင်းဆောင်ရွက်မှုနှင့် ပြည်ဝင်ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်ပြုမှု၊ ၂၀၀၉ ခုနှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံကြား အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူစာချုပ်(MoU) သက်တမ်းတိုးမြှင့်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသားများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစွာထုတ်ပေးရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။