နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး၊ ငလျင်ဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မြှင့်တင်သွားရေးနှင့် အာဆီယံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မန္တလေးငလျင် ဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း ထိုင်းပြည်သူများ၏ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့မှုများအပေါ် ကျေးဇူးတင်ရှိသည့်အနေဖြင့် ဂုဏ်ပြုအမှတ်တရ တံဆိပ်များအား ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
