ရန်ကုန်တိုင်းရှိ မြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ယနေ့ အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းကကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
တံတားတည်ဆောက်ရေးစီမံကိန်းတွင်ပါဝင်ခဲ့သည့် အင်ဂျင်နီယာအဖွဲ့များအား ယာယီသမ္မတက သစ်သီးခြင်းလက်ဆောင်များပေးအပ်ပြီးနောက် တံတားဆက်ခြင်း မဟာမင်္ဂလာအခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး Controlla အသုံးပြု၍ ကွန်ကရစ်သွန်းလောင်းတံတားဆက်ခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဤတံတားတည်ဆောက်ရေးစီမံကိန်းမှာ ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီယားနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ် ကြည်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအားစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်နိုင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
တံတားတည်ဆောက်စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းနှင့် နှောင့်နှေးတွေ့ကြုံခဲ့ရသည့် လုပ်ငန်းအခက်အခဲများကို လက်ရှိအစိုးရမှ နိုင်ငံတော်တာဝန်ယူထားချိန်တွင် တံတားတည်ဆောက်ရေးလုပ်ငန်းပြီးစီးရန် နိုင်ငံတော်ဘဏ္ဍာငွေဖြည့်တင်းဆောင်ရွက်ခဲ့သဖြင့် လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်သည်။
သံမဏိကြိုးဆိုင်းတံတား Cable- Stayed Bridge အမျိုးအစားမြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားမှာ လေးလမ်းသွား တံတားဖြစ်ပြီး ပင်မတံတားအရှည်မှာ(၂,၂၆၄)ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတားအရှည်မှာ(၁,၈၉၁)ပေ၊ ဒလဘက်ကမ်းချဉ်းကပ်တံတားအရှည်မှာ(၁,၉၇၂)ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ်လမ်းအ ရှည်မှာ(၃,၄၅၃)ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်းအရှည်မှာ(၆,၁၂၇)ပေဖြစ်သည်။
ယင်း တံတားသည် မြန်မာနိုင်ငံရှိတည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်းကင်းလွတ်အမြင့်ဆုံးတံတားဖြစ်ပြီး တံတားအောက်မှတန်ချိန်(၁၅,၀၀၀)ရှိသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွားသင်္ဘောကြီးများဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ်အမြင့်ပေ(၁၆၀)၊ အကျယ်(၉၉၀)ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း(၇၅)တန်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ နည်းစနစ်များနှင့် အတွေ့အကြုံများကိုရရှိခဲ့သည်။
တံတားကြီးအချောသတ်တည်ဆောက်ပြီးစီးဖွင့်လှစ်ခဲ့ပါက ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံ ကုန်းမြို့နယ်များ၊ ဒေးဒရဲမှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝ တီတိုင်းရှိမြို့များသို့လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ကာ လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆိုမှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားစေမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့၏ အထင်က ရပြယုဂ် (Landmark)တစ်ခုဖြစ်လာမည်ဖြစ်သည်။
