ရန်ကုန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် အသင်းကို အင် အားဖြည့်တင်းမှုအဖြစ် မြန်မာ့လက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် မြတ်ကောင်းခန့် ကို ရှမ်းယူနိုက်တက်အသင်းထံမှ (၂) နှစ်စာချုပ်ဖြင့် ပထမဆုံးခေါ်ယူနိုင်ခဲ့ကြောင်း အသင်းက အတည်ပြုထုတ်ပြန်လိုက်သည်။
အသက် (၂၆) နှစ်အရွယ် အရပ် (၅) ပေ (၇) လက်မရှိ မြတ်ကောင်းခန့်သည် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ဇာတိဖြစ်ပြီး ပုသိမ်အကယ်ဒမီနှင့် မန္တလေးအကယ်ဒမီတို့တွင် (၄) နှစ်ကြာ ဘောလုံးအခြေခံပညာများကို စနစ်တကျ သင်ယူခဲ့သူဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ရတနာပုံအသင်းနှင့်အတူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည်။
မြတ်ကောင်းခန့်သည် မြန်မာ့လက်ရွေး စင် သက်တမ်းအလိုက်အသင်းများတွင် အမာခံကစားသမားအဖြစ် ပါဝင်ခဲ့ကာ
ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် ၂၀၁၆ အာဆီယံ ယူ-၁၆ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု၊
အင်ဒိုနီးရှားတွင်ပြုလုပ်သည့် ၂၀၁၈ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ ငွေတံဆိပ်ဆု၊၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်း (မြန်မာ ယူ-၂၃ အသင်းတွင် ကြေးတံဆိပ်ဆုတို့ကို ရယူပေးထားနိုင်သူဖြစ်သည်။
ရန်ကုန်စီးတီးသို့ ပြောင်းရွှေ့လာခြင်းနှင့်ပတ်သက်၍ မြတ်ကောင်းခန့်က “အခုအချိန် ခံစားချက်က အရမ်းပျော်ပါတယ်။ အသင်းက စည်းလုံးပြီး မိသားစုဆန်သလို နွေးထွေးမှုလည်းရှိပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဆန်ဖို့လည်း လိုတာကြောင့် အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားချင်ပါတယ်” ဟု ၎င်း၏ ဆန္ဒကို ပြောကြားထားသည်။
ထူးခြားသည့် ကစားဟန်နှင့် ဂိုးဖန်တီးမှုစွမ်းရည် မြင့်မားသည့် မြတ်ကောင်းခန့် သည် လက်ရှိမြန်မာ့လက်ရွေးစင်အသင်း ၏ အားထားရသူတစ်ဦးဖြစ်သကဲ့သို့ ယခု ရန်ကုန်စီးတီးသို့ ပြောင်းရွှေ့မှုသည် အသင်း၏ တိုက်စစ်ပိုင်းအတွက် များစွာအထောက်အကူပြုလာမည်ဟု ခန့်မှန်းရသည်။
