ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိရန် ရေချိုမွေးမြူမှုနှင့် ရေငန်ဖမ်းဆီးမှုတို့ဖြင့် ထုတ်လုပ်ဖြန့်ချိတင်ပို့လျက်ရှိရာ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ရေငန်တို-က်ဂါးပုစွန်များ တစ်ပိဿာ ငွေကျပ်နှစ်သိန်းခန့်ဖြင့် ပြည်ပပို့ကုန်ဈေးကွက်တွင် အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တို-က်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ်လျက်ရှိသည့် ပနားမီးပုစွန်ဖြူတို့ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပင်လယ်ပြင်မှဖမ်းဆီးရရှိသည့် အနီရောင်တို-က်ဂါးပုစွန်ကို ပြည်ပ (၄) နိုင်ငံသို့ တင်ပို့လျက်ရှိကာ မြိတ်ကျွန်းစုတွင်မွေးမြူသည့် ပနားမီးပုစွန်ဖြူအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။
ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော တိုက်ဂါးပုစွန်များကို ရန်ကုန်မြို့ရှိ အအေးခန်းစက်ရုံများတွင်အေးခဲပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားသို့ အဓိကတင်ပို့လျက်ရှိပြီး ငါးဖမ်းရာသီ မေလနှင့် ဇွန်လ (၂)လတာပိတ်ထားချိန်၌ အအေးခန်းစက်ရုံများတွင် သိုလှောင်ထားရှိသည့် တိုက်ဂါးပုစွန်များ ပြည်ပမှ မှာကြားမှုအပေါ် မူတည်၍ တင်ပို့လေ့ရှိကြောင်း သိရသည်။
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုစွန် (၉၁၄၆ ဒသမ ၆၁၅) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်မှ ဖမ်းဆီးရရှိသည့် ဝှိုက်ပုစွန်၊ ပင့်ပုစွန်နှင့် ရွှေလီပုစွန်တို့ကိုလည်း ပြည်ပသို့တင်ပို့လေ့ရှိပြီး အနီရောင်တိုက်ဂါးပုစွန်များကို ပြည်ပနိုင်ငံများမှ နှစ်ခြိုက်ကြ၍ ဈေးကောင်းရသော ရေထွက်ကုန်တစ်ခုအဖြစ် ရေငန်ပုစွန်ဈေးကွက်၌ နေရာရလျက်ရှိကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီပိတ်သိမ်းမည့် မေလ (၁) ရက်မတိုင်မီ ငါးဖမ်းစက်လှေများဖြင့် ရန်ကုန်မြို့ရှိ စံပြငါးဈေး၊ ရွှေပိတောက်ငါးဈေးနှင့် အခြားသော ဆိပ်ကမ်းများသို့ ရေငန်ပုစွန်နှင့် ပင်လယ်ငါးမျိုးစုံဝင်ရောက်ခဲ့သည်။