မြန်မာ့တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်များ တရုတ်နိုင်ငံသို့လေ့လာရေးခရီးများ အဆက်မပြတ်သွားရောက်လျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းဦးဆောင်သည့် တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့လည်း ချစ်ကြည်ရေးခရီးစဥ်အဖြစ် သွားရောက်ခဲ့သည်။
မြန်မာ့တပ်မတော်(ရေ)နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ရေတပ်)၏ ဒု-ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး Cui Yuzhong ၏ဖိတ်ကြားချက်အရသွားရောက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၆ ရက်ညနေပိုင်းတွင် ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)ဌာနချုပ်သို့သွားရောက်၍ ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၏ကြိုဆိုအလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေး၍ ဒု-ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး Cui Yuzhong နှင့်တွေ့ဆုံကာ နှစ်နိုင်ငံရေတပ်နှစ်ရပ်ကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လေ့ကျင့်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စက်တင်ဘာလ ၁၇ ရက်တွင် ချင်းတောင်မြို့ North Sea Fleet ရှိ ဖျက်သင်္ဘော Xining ကိုလေ့လာကြည့်ရှုပြီး North Sea Fleet Commander နှင့် အရာရှိကြီးများက North Sea Fleet ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုအလေးပြုခဲ့ကြပြီး North Sea Fleet ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
စက်တင်ဘာ ၁၈ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်)၏ Navy Submarine Academy သို့သွားရောက်၍ ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ Simulator ၊ Trainer များ၊ ရေတပ်ပြတိုက်၊ စက်တင်ဘာ ၁၉ ရက်တွင် ရှန်ဟိုင်းမြို့ရှိ Shanghai Hudong-Zhonghua သင်္ဘောကျင်းတို့ကို ကြည့်ရှုလေ့လာခဲ့ပြီး လင်ကွမ်းဘုရားကျောင်း၊ Great Wall တို့ကိုလည်း လေ့လာကြည့်ရှုခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်ညပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။
