မြန်မာနိုင်ငံသားများအတွက် ရခိုင်ပြည်နယ်နှင့် နယ်စပ်တလျှောက်တွင် လူသားချင်းစာနာမှု စင်္ကြန်တစ်ခုဖော်ဆောင်ရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံသဘောတူခဲ့သည်ဟု Anadolu Ajansiက သတင်းရေးသားဖော်ပြခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်ကနေတဆင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ဖို့အတွက် ကုလသမဂ္ဂက လူသားချင်းစာနာမှု စင်္ကြန်တစ်ခု ဖန်တီးချင်ပါတယ်။ အသွင်ကူးပြောင်းရေးအစိုးရက အခြေအနေတွေအရ ဒါကို မူအားဖြင့် သဘောတူထားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး အမ်ဒီ တိုဟစ်ဟူစိန်က တနင်္ဂနွေနေ့က ဒါကာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါက လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ သတ်မှတ်ချက်တချို့တော့ ရှိပါတယ်။ ကျွန်တော် အသေးစိတ်တော့ မပြောတော့ပါဘူး။ ဒီအချက်တွေနဲ့ ကိုက်ညီခဲ့ရင်တော့ ကျွန်တော်တို့ သေချာပေါက် ကူညီသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ပဋိပက္ခသည် ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွားနှင့် ဆက်စပ်နေကြောင်း မြန်မာနိုင်ငံမှ လူဦးရေအများအပြားသည် မိမိတို့နိုင်ငံတွင် ခိုလှုံနေပြီး ၎င်းတို့ကို ပြန်ပို့ချင်ပါကြောင်း ၎င်းတို့ကို ပြန့်ပို့ရေးအတွက် လုပ်စရာရှိသည်ကို မိမိတို့ လုပ်ရမှာပဲဖြစ်ကြောင်း ဟူစိန်က ပြောကြားခဲ့သည်။
လက်ရှိအခြေအနေများအရ ရခိုင်ပြည်နယ်တွင် အငတ်ဘေးကြုံရမည်ကို ကုလသမဂ္ဂက စိုးရိမ်ပြီး လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရန်အတွက် စင်္ကြန်တစ်ခု ဖော်ဆောင်ပေးရန် ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုခဲ့သည်ဟု သိရသည်။
သာမန်ပြည်သူများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှု စင်္ကြန်များ ဖွင့်လှစ်ရသည်ဆိုသော်လည်း ထိုစင်္ကြန်များဖွင်သည့်အခါမျိုးတွင် ဒေသတွင်းရှိ သူပုန်များ သို့မဟုတ် အကြမ်းဖက်အုပ်စုများအပါအဝင် ရာဇဝတ်သမားများသည် ၎င်းတို့အတွက် ဘေးကင်းလုံခြုံသော လမ်းကြောင်းများအဖြစ် အသုံးချရန် အခွင့်အရေးရကြသည်။
ထိုဒေသသည် မူးယ-စ်ဆေးဝါးနှင့် တရားမဝင်လက်နက်မှောင်ခိုရောင်းဝယ်မှု အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုမျိုးစုံအတွက် လမ်းကြောင်းများထဲမှ တစ်ခုအဖြစ် လူသိများသည်။
Ref: သည်စတား