ယနေ့ ဇွန် ၈ ရက်တွင်ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် (၇၅)နှစ်တာကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံကြားဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံပြည်သူများကြားရင်းနှီးခင်မင်မှုတို့ဖြင့် ထူးခြားသည့်သွင်ပြင်လက္ခဏာရှိခဲ့ပြီး ယင်း ချစ်ကြည်ရင်းနှီးမှုများမှာ နှစ်ဖက်အစိုးရများအဆက်ဆက်၏ ပြုစုပျိုးထောင်မှုဖြင့် တစ်ဆထက်တစ်ဆ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက်ပူး ပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ထိ တိုးမြှင့်နိုင်ခဲ့သည်ဟု ရေးသားပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် မစ္စတာ ရှီကျင့်ဖျင်၏ခရီးစဉ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး ခရီးစဉ်အတွင်း၌ သာတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့အပေါ်အခြေခံသော အေးအတူပူအမျှ တူညီသောအနာဂတ်ကိုမျှဝေပိုင်ဆိုင်သည့် မြန်မာ-တရုတ်အသိုက်အဝန်းကို ထူထောင်ရန်သဘောတူညီခဲ့ကြသည်ဟုလည်း ရေးသားပြောဆိုသည်။
ထို့ပြင် နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိပြီး အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံမဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် အကောင်အထည်ဖော်လျက်ရှိမှုမှာ များစွာကျေနပ်အားရဖွယ်ဖြစ်ပြီး မိမိတို့မော်စကိုမြို့၌တွေ့ဆုံစဉ် အထူးသဖြင့် နိုင်ငံတကာနှင့်ဒေသတွင်း မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်ရေးတို့အတွက် တူညီသည့်ဘုံသန္နိဋ္ဌာန်ကို ထပ်လေ-ာင်းအတည်ပြုနိုင်ခဲ့သည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။
ထို့အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကူမင်းမြို့၌ ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်း ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့ရာတွင် စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေး အဓိကကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး ထိပ်သီးအစည်းအဝေးကာလအတွင်း၌ ဒေသနှင့်ကမ္ဘာတစ်ဝှမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိ-မ်လ-ည်မှုများကို အတူတကွပူးပေါင်းတို-က်ဖျ-က်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက်လည်း ကတိကဝတ်ပြုခဲ့ကြသည်ဟု ရေးသားပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ပြီးချိန်တွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို အချိန်နှင့်တစ်ပြေးညီပေးအပ်ခဲ့ခြင်းအတွက် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပြီး ယင်းသို့ ကူညီရိုင်းပင်းမှုများမှာ ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံကြားရှိ ထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်သည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။
ထို့အတူ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံပံ့ပိုးပေးနေသည်ကိုလည်း လှိုက်လှဲစွာကျေးဇူးတင်ကာ နှစ်နိုင်ငံကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်သည်ဟုလည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့၍ ရေးသားပြောဆိုခဲ့သည်။