အာဆီယံ၏အခြေခံမူများကိုဆန့်ကျင်ပြီး မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကိုထိခိုက်စေနိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်မှ အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံတွင်ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးနှင့် အခမ်းအနားများ၌ ထောက်ပြပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဘက်စုံဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ မကြာမီကျင်းပမည့်ရွေးကောက်ပွဲသည် စစ်မှန်ပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးအတွက် လမ်း ကြောင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်နှင့် ပြည်သူများကိုကာကွယ်စောင့်ရှောက်သွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် အာဆီယံအသိုက်အဝန်းမဏ္ဏိုင်(၃)ရပ်ကြား အပြန်အလှန်ဆက်နွယ်မှီခိုနေ၍ ကြံကြံခံပြီး တီထွင်ဆန်းသစ်မှုများနှင့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံအသိုက်အဝန်းဖြစ်စေရန် ကြိုးပမ်းကြရမည်ဖြစ်ကာ အာဆီယံသည် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများကြား ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အပြုသဘောစင်္ကြံတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်သွားရမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။
အောက်တိုဘာ ၂၆ ရက်က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများဖွင့်ပွဲ၊ “အာဆီယံဆု”ပေးအပ်ပွဲ၊ အာဆီယံသို့ တီမောလက်စ်တေဝင်ရောက်ခြင်းဆိုင်ရာ ကြေညာချက်လက်မှတ်ရေးထိုးပွဲ၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)၊ (၁၃)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံ-ဂျပန်ထိပ်သီးအစည်းအ ဝေး၊ (၂၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး(သီးသန့်)တို့ကို ကျင်းပခဲ့သည်။
