ယူအေအီးနိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ပါဝင်ပြသနေသည့် (၅၇)ကြိမ်မြောက် အရှေ့အလယ်ပိုင်းနာရီနှင့် ကျောက်မျက်ရတနာပြပွဲကို ယူအေအီးနိုင်ငံ၊ ရှာဂျားပြည်နယ်၊ ရှာဂျားပြပွဲစင်တာ၌ ဇွန် ၁၀ ရက်မှ ဇွန် ၁၄ ရက်အထိပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြပွဲ၏ဖွင့်ပွဲအား ဇွန် ၁၀ ရက်ကကျင်းပရာ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ကျော်မင်းတက်ရောက်၍ ယူအေအီးနိုင်ငံမှ အစိုးရအရာရှိကြီးများ၊ ပြပွဲတာဝန်ခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံအမတ်ကြီးက နောင် ကျင်းပမည့်ပြပွဲများ၌ မြန်မာပြခန်းဆောင်တည်လဆောက်၍ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များဖိတ်ခေါ်ကာ မြန်မာ့ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပုလဲနှင့် ကျောက်မျက်လက်ဝတ်ရတနာများပါဝင်ပြသနိုင်ရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာသံအမတ်ကြီးက ခင်းကျင်းပြသထားသည့် ပြခန်းများအားကြည့်ရှုလေ့လာ၍ ယူအေအီးနိုင် ငံအခြေစိုက် မြန်မာနိုင်ငံသားပိုင် Thazin Jewellery LLC ကခင်းကျင်းပြသထားသော ပြခန်းအားကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြပွဲအား အရှေ့အလယ်ပိုင်းဒေသရှိ ရွှေ၊ စိန်၊ ရွှေဖြူနှင့် ကျောက်မျက်ရတနာပြပွဲများအနက် အကြီးဆုံးပြပွဲတစ်ခုအဖြစ် နှစ်စဉ် ဖေဖော်ဝါရီလနှင့် စက်တင် ဘာလ၌ တစ်နှစ်လျှင် (၂)ကြိမ်ကျင်းပလေ့ရှိပြီး ယခုကျင်းပသည့်ပြပွဲ၌ နိုင်ငံပေါင်း(၁၉)နိုင်ငံမှ ကျောက် မျက်ရတနာလုပ်ငန်းရှင်(၄၀၀)ဦးခန့်ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။