မြန်မာနိုင်ငံဘောက်ဆင်သမိုင်းတလျှောက်တွင် WBC,OPBFနှင့် JBCမှကျင်းပသောနိုင်ငံတကာ Professional Boxing ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာကစားသမား(၃)ဦးဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း Myanmar Boxing Commission(MBC)ထံမှ သိရသည်။
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင်ကျင်းပမည့် Professional Boxing ပြိုင်ပွဲသို့ MBC မှမျက်နှာသစ်ကစားသမားများဖြစ်သည့် နိုင်လတ်မှ (၅၉)ကီလို၊ နော်ဖုန်းမှ (၅၂ ဒသမ ၁)ကီလိုနှင့် စောလင်းအောင်မှ (၅၃)ကီလိုတို့တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါ Boxing ကစားသမား(၃)ဦးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှစတင်၍ မြန်မာလက်ဝှေ့အဖွဲ့ချုပ်၏ သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ Camp သွင်းကာလေ့ကျင့်မှုများပြုလုပ်ပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၁၉ ရက်မှစတင်ပြီး Japan Boxing Commission(JBC)၏ ဒိုင်ချူပ်နှင့်နည်းပြတာဝန်ထမ်းဆောင်နေသော Mr,Tanaka က(၂)ပတ်ခန့်လာရောက်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲသို့ အုပ်ချုပ်သူအဖြစ် MBC ၏ Executive Director ဦးဝဏ္ဏ၊ နည်းပြအဖြစ် ဦးရန်ဝင်းကြည်နှင့်ဦးကျော်စွာအောင်၊ Supervisor များအဖြစ် MBC ၏ Mr Nakamura(Secretary General)၊ ကိုသန်းစိုးအောင်(Director)တို့မှလိုက်သွားမည်ကြောင်း သိရသည်။
MBC မှ လာမည့် ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီယားနိုင်ငံများတွင်ကျင်းပမည့် Boxing ပြိုင်ပွဲများ၌ မြန်မာကစားသမား (၁၅)ဦးခန့်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်စီစဥ်လျက်ရှိကာ မျိုးဆက်သစ် Boxer များပေါ်ထွက်လာစေရန် ၂၀၂၅ ခုနှစ်အတွင်း၌ Professional Boxing Match ပွဲအား ဇန်နဝါရီ ၂၅ ရက်တွင် သိမ်ဖြူရိုးရာလက်ဝှေ့ရုံ၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။