လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်ဆောင်ရွက်ရေးအသင်း ဒု-ဥက္ကဋ္ဌ Mr. Anatoly Bulochnikov တို့ ဇန်နဝါရီ ၃၀ ရက်နံနက် ၁၀ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅)နှစ်မြောက်ကာလအတွင်း ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှုအကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံ၌ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှကူညီပူးပေါင်း ဆောင်ရွက်ခဲ့မှု၊နှစ်နိုင်ငံ အကြီးအကဲများကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့်သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့မှု၊ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များသွားရောက်ခဲ့စဥ် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို လေ့လာခဲ့မှုနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်နှင့်လေအားလျှပ်စစ် အရင်းအမြစ်များအားအသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လျာထားစီမံကိန်းနေရာများသို့ စူးစမ်းလေ့လာရေး သွားရောက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် မကြာမီ အသုံးပြုမည့် လျှပ်စစ်မော်တော်ယာဉ်သုံး လီသီယံဘတ္ထရီ ထုတ်လုပ်ရေးစက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် အခြေအနေ၊လျှပ်စစ်ကဏ္ဍဆိုင်ရာစီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချရာတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပုံစံများနှင့်ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။