စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နှင့် ဘီးလင်းမြစ်ရေတို့သည် မကြာမှီနာရီပိုင်းအတွင်း တောင်ငူမြို့၊ ပဲခူးမြို့၊ ဘားအံမြို့နှင့် ဘီးလင်းမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာ ၂၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။
စစ်တောင်းမြစ်ရေသည် လက်ရှိအချိန်၌ တောင်ငူမြို့ ၏ စိုးရိမ်ရေမှတ်အောက်(၂)လက်မခန့်တွင်ရောက်ရှိနေကာ လာမည့် ၆ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပြီး ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အောက်(၄)ပေခွဲခန့်တွင်ရောက်ရှိနေကာ လာမည့် ၂၄ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေ မှတ်အောက်(၁)ပေခန့်တွင်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကာ ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၃)ပေခန့်တွင်ရောက်ရှိနေကာ လာမည့် ၃၆ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြပါရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
