ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီး(ရွှေအိုက်) ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်းတွင်ရောက်ရှိနေသူများအား သြဂုတ် ၁၇ ရက်နေ့လည် ၃ နာရီက အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းမျိုးနွယ်စုများ ယာယီတိမ်းရှောင်စခန်းတွင်ရောက်ရှိနေသော အိမ်ထောင်စု(၁၃၆)စုအတွက် ဆန်(၂၄)ပြည်ပါ ဆန်အိတ်(၁၃၆)အိတ်နှင့် ဆီ (၁၃၆)ပိဿာအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကျောင်းသားကလေးငယ်(၁၆၅)ဦးတို့အတွက် ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် စခန်းအတွင်းရှိ ယဉ်ကျေးလိမ္မာဓမ္မစကူးသင်တန်းမှ ကလေးငယ်များအတွက် အာဟာရကျွေးမွေးစရိတ်အဖြစ် ငွေကျပ်(၁၀)သိန်းနှင့် ယာယီအိပ်ဆောင်များပြုပြင် တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်(၁၀) သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ စခန်းအတွင်း ရေဝပ်ဧရိယာဖြစ်ပေါ်နေမှုနှင့် နန်းကွေ့ချောင်းရေတိုက်စားမှုတို့အားကြည့်ရှုစစ်ဆေး၍ စခန်းအတွင်းရေဝပ်သည့်နေရာများအား သဲ/ကျောက်ခင်းပေးနိုင်ရေးနှင့် ချောင်းရေတိုက်စားမှုအားကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
