ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်သွာရွာသွန်းမှုကြောင့် မေ ၃၁ ရက်မှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် အမြင့်ပိုင်းရပ်ကွက်များရှိ အချို့နေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ရေဘေးသင့်သူ(၁) သောင်းကျော်ရှိခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့၏ ဇွန် ၂ ရက်ကထုတ်ပြန်သည့်စာရင်းအရ သိရသည်။
ထို့ကြောင့် ရေဘေးသင့်အိမ်ထောင်စု(၂,၂၅၇)စုမှ လူဦးရေ(၁၀,၃၇၅)ဦးအား မြစ်ကြီးနားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးဘုရားကျောင်းများတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃၀)ခုအထိဖွင့်လှစ်၍ ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် ကြက်ဥ၊ ခေါက်ဆွဲခြောက်ဘူးများ၊ ဆန်ပြုတ်ဘူးများနှင့် ရေသန့်ဘူးများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဧရာဝတီမြစ်ရေ ကြီးမြင့်မှု၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ကမ်းရှိတည်ဆောက်ပြီးစီးခဲ့သည့် ရေထိန်းတမံ၊ မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းဆုံနေရာ၌ ရေဘေးကယ်ဆယ်ရေးစုရပ် နေရာသစ်အဖြစ်ဖွင့်လှစ်၍ မီးသ-တ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်းအဖွဲ့များပါဝင်သည့် ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များစုဖွဲ့ဆောင်ရွက်ထားရှိမှု၊ မြစ်ရေကြီးမြင့်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။