ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ရေနံထွက်ပစ္စည်းအရောင်းဆိုင်များ သတ်မှတ်လမ်းနယ်နိမိတ်အတွင်း မကျရောက်စေရန်နှင့် သတ်မှတ်ချက်နှင့်အညီ ဖြစ်စေရေး ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့် ကြီးကြပ်မှုဆပ် ကော်မတီအဖွဲဝင်များနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဖေဖော်ဝါရီ (၂၅)ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ရှေးဦးစွာ ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသတ်မှတ်လမ်း နယ်နမိတ်အတွင်း ကျရောက်မှုမရှိစေရေးနှင့် သတ်မှတ်ချက်နှင့် အညီဖြစ်စေရေး ကြီးကြပ်မှုဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနရုံး၌ ပြည်နယ်ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရေနံထွက်ပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားရေး ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ပြည်နယ်အဆင့် ကြီးကြပ်မှု ဆပ်ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများနှင့် သတ်မှတ်ချက်နှင့်အညီ ပြုပြင်ဖယ်ရှားနိုင်ရေး သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းနှင့်အညီ အကြောင်း ကြား/ စိစစ်တင်ပြဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ Htoo နှင့် ASIA ENERGY စက်သုံးဆီဆိုင်၊ ရမ်ပူရပ်ကွက်အတွင်းရှိ NINE STAR စက်သုံးဆီဆိုင်၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ TOP စက်သုံးဆီဆိုင်၊ မနောရွှေမြေနှင့် ရွှေနန်းစက်သုံးဆီဆိုင်များ၊ ခေမာသီရိရပ်ကွက်အတွင်းရှိ တိုင်းကျော် စက်သုံးဆီဆိုင်များကို လမ်းနယ်နမိတ်နှင့် လွတ်ကင်းမှုရှိ/ မရှိ၊ သတ်မှတ်ညွှန် ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
