၂၀၂၅ ခုနှစ် နွေရာသီ မျိုးဆက်သစ်လူငယ် အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား Han Golf Msaters Golf Academy က ဒုတိယအကြိမ်မြောက်အဖြစ် မေ ၅ ရက်မှ ၉ ရက်အထိ ၅ ရက်ကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်သည်။
အခြေခံဂေါက်ဖ်ရိုက်သင်တန်းအား အသက်(၁၀) နှစ်မှ (၁၈)နှစ်အထိ လူဦးရေ(၃၀)ဦးအထိအား နည်းပြများဖြစ်သည့် ဦးချမ်းဟန်၊ ဦးကိုကိုလေး၊ ဦးသီဟဌေး၊ ဦးစိန်ပိုင်၊ ဦးအောင်မျိုးဟိန်းနှင့် အခြားနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
” ဂေါက်သီးအားကစားနည်းက နည်းစနစ်ပိုင်းမှာ အခြေခံစမှားတာနဲ့ တိုးတက်မှုမှာလည်း နှောင့်နှေး သွားမယ်။ အခြေခံမှန်မှဖြစ်မှာပါ။ အခုဖွင့်လှစ်ပို့ချမယ့်သင်တန်းမှာ အဓိကအနေနဲ့ ဂေါက်ဖ်လုံး၀မရိုက်တက်တဲ့ သူတွေကိုသင်ကြားပို့ချပေးသွားဖို့ ရည်ရွယ်ထားပါတယ်”ဟု Han Golf Msaters ၏နည်းပြနှင့် ကျောင်းအုပ်ကြီးဖြစ်သူ ဦးကိုကိုလေးက ပြောသည်။
ယင်း သင်တန်းအားတက်ရောက်လိုသူများအနေဖြင့် မေ ၃ ရက်ည ၆ နာရီ နောက်ဆုံးထား၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာလမ်းနှင့် လေဆိပ်လမ်းထောင့်ရှိ Han Golf Msaters Driving Range သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။