မော်လမြိုင် – ရန်ကုန်ရထားခရီးစဉ်အား မူလက မေလ (၂၉)ရက်မှသာ ပြန်လည်ပြေးဆွဲမည်ဟု အသိပေးထားသော်လည်း မေလ(၂၈)ရက်တွင် ပေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက ယနေ့တွင် အသိပေးထားသည်။
မေလ(၂၈)ရက် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂)အစုန် ရထားအား ရိုးရိုး (AAR) ရထားတွဲဆိုင်းဖြင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် အထက်တန်းရက်ကြို လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ခငွေများ ပြန်အမ်းပေးတော့မည်မဟုတ်ကြောင်း အသိပေးထားသည်။
ထို့ပြင် မေ(၂၈)ရက်အတွက် အထက်တန်းရက်ကြို လက်မှတ်များ နှင့် ရိုးရိုးတန်း ရက်ကြို လက်မှတ်များ၊ အထက်တန်း (၃)ရက် ကြိုတင်လက်မှတ်များအား မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နံနက် (၇)နာရီမှ နေ့လယ် (၃) နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလ မေလ (၂၅)ရက်က မော်လမြိုင် – ရန်ကုန် ရထားလမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာ နှင့် ဒုံဝန်းဘူတာအကြား ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခံရပြီး၊ အမှတ် (၆၈၇) ကျောက်ရထားမိုင်းထိမှန်၍ စက်ခေါင်းအပါအဝင် ကျောက်တွဲ (၇)တွဲ လမ်း ချော်ကျမှုဖြစ်ပွားခဲ့ကာရထားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။