မော်လမြိုင် ထား၀ယ်တံတားဆိပ်တွင် နစ်မြှပ်ခဲ့သည့် ထီးလှိုင်ရှင်အပျော်စီးသင်္ဘော ရေစီးနှင့်မျောမပါရေး ကျွမ်း ကျင်ရေငုပ်အဖွဲ့က သင်္ဘောဝမ်းဗိုက်အားကြိုးသိုင်းခြင်းလုပ်ငန်းများကို ယနေ့ ဇူလိုင် ၂၂ ရက်တွင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“မော်လမြိုင်က ကျွမ်းကျင်ရေငုပ်ဆရာတွေနဲ့ ရေငုပ်ပြီးတော့ ဝမ်းဗိုက်ကိုကြိုးတွေနဲ့သိုင်းတယ်။ မဆယ်ခင်မှာမျောမပါအောင်ပေါ့ဗျာ။ အခုက မြစ်ရေကလည်းတက်နေတော့ ဆယ်ယူဖို့က ခက်ခဲမယ်လို့ပြောတယ်။ သင်္ဘောကို ဆယ်ဖို့ရေအကျတစ်ချက်စောင့်မှရမယ်”ဟု သွားရောက်ကြည့်ရှု့ခဲ့သည့် မြို့ခံတစ်ဦးကပြောသည်။
အဆိုပါ လုပ်ငန်းစဉ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ ရုံးချုပ်ရှိတာဝန်ရှိသူများကြီးကြပ်၍ ရေယာဥ်စုမှုးနှင့် ၀န်ထမ်းများ၊ မော်လမြိုင်ရှိ ကျွမ်းကျင်ရေငုပ်ဆရာ ဦးပါကြီး နှင့် ဦးကောင်ငယ် ဦးစီးအဖွဲ့တို့က ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထီးလှိုင်ရှင် အပျော်စီးသုံးထပ်သင်္ဘောအား သက်ဆိုင်ရာက အပြီးသတ်ဆယ် ယူစေချင်ကြသော်လည်း မှောက်လျှက်မြုပ်နေသဖြင့် လှန်တင်ရန်ခက်ခဲခြင်း၊ လိုအပ်သည့် စက်ပစ္စည်းကိရိယာများ မပြည့်စုံသေးခြင်းနှင့် အနည်းဆုံးကျွမ်းကျင်ရေငုပ်ဆရာ(၁၀)ဦးမှ ဆယ်တင်ရမည့် အခြေအနေရှိနေသဖြင့် မြစ်ရေစီးကြောင်းနှင့်မျောမပါရေး ကနဦးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်တွင်းရေကြောင်းပိုင် ထီးလှိုင်ရှင်အပျော်စီးသုံးထပ်သင်္ဘောမှာ ယမန်နေ့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက နစ်မြှပ်ခဲ့ခြင်းဖြစ်သည်။
