မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စာတိုးပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ရပ်ကွက်၊ ရန်ကုန်-မန္တလေးသွား ကားလမ်းဟောင်းဘေးတွင် ဖွင့်လှစ်ထားသည့် “မောင်ဒိန်း”ရွှေဆိုင်ကို သေနတ်ပစ်ဖောက်၍ ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ယူဆောင်သွားကြောင်း သိရသည်။
ရွှေဆိုင်ဓားပြတိုက်မှုမှာ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အမည်မသိအမျိုးသား (၄) ဦးက “မောင်ဒိန်း”ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ပြီး သေနတ်ပစ်ဖောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူငယ် (၄) ယောက်လို့ သိရပါတယ်။ ဆိုင်ကယ်တစ်စီးတည်း စီးလာတယ်။ ဆိုင်ကယ်နံပါတ်ကို တိပ်နဲ့အုပ်ထားတယ်။ ပါသွားတဲ့ ရွှေထည်ပစ္စည်း အတော်များပါတယ်။ အခင်းဖြစ်တဲ့အချိန်ကစပြီး အခုချိန်အထိ ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောကြားသည်။
ဓားပြတိုက်သူ (၄) ဦးသည် “မောင်ဒိန်း”ရွှေဆိုင်မှ ကျပ်သိန်း ၁၄၀၀ ကျော်တန်ဖိုးရှိ ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေဟန်းချိန်းနှင့် ရွှေကလစ်များကို လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။