စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ (၂) ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်မှ အေးသာယာရပ်ကွက်အထိ ချင်းတွင်းမြစ်ရိုးတလျှောက်ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်ရေး၊ ကမ်းနားလမ်းတလျှောက် ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စရေး၊ တာရိုးများပေါ်ရှိ ကွန်ကရစ်လျှောက်လမ်းများ ကောင်းမွန်စေပြီး မြို့နေပြည်သူများလမ်းလျှောက် အပန်းဖြေပြုလုပ်နိုင်ရေးနှင့် လျှပ်စစ်မီးတိုင်များ၊ ခုံများနှင့် ပန်းအလှပင်များ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ ချင်းတွင်းမြစ်အတွင်းမှ မြစ်ကြောင်းများတွင် မော်တော်၊ သင်္ဘောများ ရာသီမရွေးသွားလာနိုင်ရေး၊ မြစ်ကမ်းများ ရေတိုက်စားပြီး ကမ်းများပြိုကျမှုမရှိစေရေးအတွက်လုပ်ငန်းရှင်များအနေဖြင့် ချင်းတွင်းမြစ်အတွင်းမှ မြစ်သဲ၊ ကျောက် ထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ချင်းတွင်းမြစ် ရေစီးရေလာကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အလေးထားလုပ်ကိုင်ဆောင်ရွက်သွားကြရန် ဝန်ကြီးချုပ်က မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးချင်းတွင်း သင်္ဘောကျင်းဌာနခွဲ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝန်ထမ်းများအနေဖြင့် ဆိပ်ကမ်းတွင် ထားရှိသည့် သင်္ဘောအဟောင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးကိုလည်း မှာကြားခဲ့သည်။
ထို့ပြင် မုံရွာမြို့၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရုံးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားပြည်သူများဘေးကင်းစွာဖြင့် သွားလာနိုင်ရေး၊ ရေကြောင်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရေယာဉ်များစနစ်တကျသွားလာနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြးရန် မှာကြားခဲ့ကြောင်း သိရသည်။
