ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး
မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့ သတိပေးထုတ်ပြန်ထား သည်။
လက်ရှိအခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်နေရာအ များစု၌ မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေကြောင်း သတိပေးထားသည်။
ရန်ကုန်- တနင်္သာရီကမ်းရိုးတန်းအခြေ အနေမှာ မိုးကြီးနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၀) မိုင်မှ (၁၅) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် မိုင် (၃၀)အထိ ပြင်းထန်နိုင်ကြောင်း သိရသည်။
လှိုင်းအခြေအနေမှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် (၇) ပေမှ (၉) ပေအထိ ရရှိနိုင်မည်ဖြစ်သဖြင့် အ ထူးသတိပြုရန်လိုကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်-ရခိုင်ကမ်းရိုးတန်းတလျှောက်တွင်လည်း မိုးထစ်ချုန်းရွာနိုင်ကာ လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅)မိုင်မှ (၁၀) မိုင်အထိ ရှိနိုင်ပြီး လေပြင်းတိုက်ခတ်ချိန်တွင် (၂၅) မိုင်အထိ ရှိနိုင်ကြောင်းဆိုသည်။
လှိုင်းအခြေအနေမှာ လှိုင်းအမြင့် (၆) ပေမှ (၈)ပေအထိ ရှိနိုင်ကာ အမြင်တာအနေ ဖြင့်ပုံမှန် (၄) မိုင်ရှိပြီး မိုးရွာစဉ် (၁) မိုင်ခန့်အထိ လျော့နည်းနိုင်ကြောင်းဆို သည်။
ထို့ကြောင့် ပင်လယ်ပြင်ခရီးသွားလာမည့် ရေလုပ်ငန်းခွင်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများနှင့် သင်္ဘောလိုင်းများအနေဖြင့် လှိုင်းကြီးနိုင်သည့်အခြေအနေနှင့် မိုးသက်လေပြင်းများကို ကြိုတင်သတိ ပြုပြီး သွားလာကြဖို့ နှိုးဆော်ထားသည်။
