ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်မြစ်ရေတိုးလျက်ရှိရာ ရေလမ်းခရီးဖြင့် သွားလာနေသူများ အန္တရာယ်ကင်းရှင်းစေရန် ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက နေ့စဥ် ကူညီပေးလျှက်ရှိကြောင်း သိရသည်။
ရန်ကုန်မြစ်ရေ တိုးနေသည့်အတွက် ဒလနှင့် ဆိပ်ကြီးခနောင်တိုဘက်မှ ရန်ကုန်မြို့ဘက်သို့ ရေလမ်းခရီးဖြင့် နေ့စဉ်သွားလာနေကြသည့် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းနေအရွယ် ကလေးငယ်များမှအစ ဂရုစိုက်သွားလာကြရန်နှင့် ဖေးမကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဆိပ်ကြီးခနောင်တို ဒေသခံတစ်ဦးက ပြောသည်။
” မြစ်ရေက အရမ်းတက်နေတော့ စက်လှေ အတက်အဆင်းတွေမှာ ကူညီပေးနေတာတွေ့ရပါတယ် “ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြစ်ရေသည် မြင့်တက်လာသည်ဆိုသော်လည်းလက်ရှိတွင် အခြေခံရေစစ်မျဉ်းအထက် မည်မျှမြင့်တက်လာသည်ကိုမူ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က အသိပေးထုတ်ပြန်ထားခြင်း မရှိသေးပေ။
