ချန်ဒူး၊ ဩဂုတ် ၂ ရက်
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့ ထွက်ခွာမည့် ရထားခရီးစဉ်များကို ထိခိုက်စေမည်ဖြစ်ကြောင်း ဒေသတွင်း မီးရထားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တနင်္ဂနွေနေ့မှ အင်္ဂါနေ့အထိ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ စီချွမ်းပြည်နယ်၊ ကွေ့ကျိုးပြည်နယ် နှင့် ချုံချင့် မြို့နယ်တို့၏ နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသောကြောင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နွေရာသီ ခရီးသွားလာမှု အများဆုံးအချိန်ဖြစ်သည့်အတွက် ခရီးစဉ်ရပ်နားသည့် အစီအစဉ်များကို လက်ရှိအခြေအနေများအပေါ် မူတည်၍ ပြန်လည်ပြင်ဆင်ပြောင်းလဲနိုင်သည်။
ယခု အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ချန်ဒူးမြို့ရှိ မီးရထားဘူတာရုံများတွင် လက်မှတ်ခ ပြန်လည်ထုတ်ယူခြင်းနှင့် လက်မှတ်လဲလှယ်ခြင်းများအတွက် သီးသန့်ကောင်တာများကို စီစဉ်ဆောင်ရွက်ပေးထားသည်။
Ref: ဆင်ဟွာ
