ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်ပေးနေ
ရပ်စောက်၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နှင့် ကလောမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီမြစ်နှင့် ကလောချောင်းရေများ မြင့်တက်လာကာ ရပ်စောက်မြို့ ဇော်ဂျီရပ်ကွက်၊ ဥတ္တံတားရပ်ကွက်နှင့် ကလောမြို့ အမှတ် (၂)၊ (၃)၊ (၄) ရပ်ကွက်တို့မှ အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးလှေများ၊ မော်တော်ယာဉ်များဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ရပ်စောက်မြို့မှ ပြည်သူများကို ဇော်ဂျီအားကစားခန်းမနှင့် ဥတ္တံတားဓမ္မာရုံတို့၌ လည်းကောင်း၊ ကလောမြို့မှ ပြည်သူများကို အမှတ် (၅) ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်၌ လည်းကောင်း ယာယီစခန်းများဖွင့်၍ နေရာချထားပေးထားသည်။
အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းများသို့ နယ်လှည့်ဆေးကုသရေးအဖွဲ့များ သွားရောက်ကာ အရေးပေါ် ကျန်းမာရေးစစ်ဆေး ဆေးကုသပေးခြင်း၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့ပေးခြင်းတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
