စစ်ကိုင်းမြို့၌ ယခုရက်သတ္တပတ်အတွင်း မိုးများသောကြောင့် အပျက်အစီးများ ပိတ်ဆို့နေသည့် ရေမြောင်းများ၊ မြေအက်ကွဲကြောင်းများမှ တဆင့် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။
မြို့ခံများ ပြောပြချက်အရ မိုးများပါက ပန်းတော၊ မင်းလမ်းရပ်၊ ချင်းစု၊ မိုးဇာ စသည့် အနိမ့်ပိုင်းရပ်ကွက်များရှိနေအိမ်များ၌ မိုးရေဝင်ရောက်မှုဖြစ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်ဟု သိရသည်။
“သီတင်းကျွတ်ပြီး ဒီဒုက္ခလွတ်ပြီမှတ်တာ ရွာလိုက်တာ၊ အိမ်တွေထဲပါ ရေဝင်နဲ့ ၊ ပရဟိတအဖွဲ့တွေက ရေတွေလာစုပ်ထုတ်ပေးကြပါတယ်” ဟု ပန်းတောရပ်နေ အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့တွင် စနစ်တကျ အမှိုက်စွန့်ပစ်မှု အားနည်းချက်ကြောင့်လည်း ရေမြောင်းပိတ်ဆို့မှုဖြစ်ခြင်း၊ ငလျင်
အပြီး အပျက်အစီးများက ရေမြောင်းများတွင် ပိတ်ဆို့နေခြင်းတို့သည်လည်း မိုးရွာသွန်းစဉ် ရေမြောင်းမှတဆင့် ဧရာဝတီမြစ်အတွင်း ရေကောင်းစွာ မစီးဆင်းနိုင်ဘဲ ဖြစ်နေတတ်သည်ဟု ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။
ထို့အပြင် ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြင်အက်ကြောင်းများမှလည်း ရေစီးဆင်းနိုင်ရန် ကန့်သတ်မှုအချို့ရှိနေကာ မြေယာလိုအပ်ချက်အရ အင်းများကို မြေဖို့ခြင်း၊ မြေယာပြုပြင်ခြင်းများကြောင့်လည်း ရေစီးဆင်းမှု အတားအဆီးရှိနေသည်ဟု ထင်ကြောင်း သူက ဆက်ပြောသည်။
လက်ရှိ၌ ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် မြေပြင်အက်ကြောင်းသည် အရှည်အားဖြင့် ကီလိုမီတာ ၅၅၀ (၃၄၂ မိုင်) အထိ ရှိကြောင်းလည်း တွက်ချက်ထားကြပြီး ငလျင်အလွန် စစ်ကိုင်းမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေကြဆဲ ဖြစ်သည်။
ဓာတ်ပုံ – ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့
