ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိသည်ဟု မိုးဇလကအသိပေးခဲ့သည်။
အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ် စဉ်များဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးခဲ့သည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု အသိပေးခဲ့သည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်သည် (၄)ပေမှ(၆)ပေခန့်အထိရှိနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။
